အပင်တွေအသီးအနှံတွေစိုက်ပျိုးရာမှာဖျက်ဆီးတတ်တဲ့ပိုးမွှားများအန္တရာယ် ကာကွယ်နိုင်ဖို့အတွက် ပိုးသတ်ဆေး ပေါင်းသတ်ဆေး စတာတွေကို ခေတ်နဲ့အညီ အသုံးပြု တွင်ကျယ်လာကြပြီဖြစ်ပါတယ်။
ပိုးမွှားများကို သတ်နိုင်တဲ့ ဆေး၊ ပေါင်းသတ်ဆေးတွေ(ပိုးသတ်ဆေး)ဟာ ပိုးမွှားတွေကိုသတ်နိုင်ရုံမက လူကိုပါဒုက္ခပေးနိုင်တာကို သတိထားကြရမှာဖြစ်ပါတယ်။
ပိုးသတ်ဆေးအများစုဟာ လေနဲ့ အလင်းရောင်မှာ မြန်မြန်ပျောက်ကွယ်သွားတတ်ကြလို့ အများစုက အန္တရာယ်ကင်းသွားပြီလို့ထင်မိတတ်ကြပါတယ်။ လူကို ဒုက္ခပေးနိုင်တဲ့ လူမမြင်နိုင်တဲ့ အကြွင်းအကျန်လေးတွေ အငွေ့အသက်လေးတွေဟာ အသီးအနှံ အရွက်အညွန့်တွေမှာ ကျန်နေနိုင်ဆဲဆို တာ ကိုသတိမမူမိတတ်ကြပါဘူး။ ပိုးသတ်ဆေးတွေရဲ့ အန္တရာယ်ကို စိုက်ပျိုးရေး သမားတွေကရှုမိ ထိတွေ့မိ ပါးစပ်ထဲနည်းအမျိုးမျိုးနဲ့ဝင်မိရာက ပိုခံစားရနိုင်သလို၊ စားသုံးသူတွေအနေနဲ့လည်း သေချာစွာသန့်စင်ထားခြင်းမရှိတဲ့ အသီးအနှံ အရွက်အညွန့်တွေကို စားသုံးရာက နေ ထိတွေ့စားသုံးမိတတ်ကြပါတယ်။ တချို့သော တားမြစ်ပိုးသတ်ဆေးတွေသုံးထားတဲ့ အသီးအနှံတွေမှာဆို ပိုဆိုးပါတယ်။ ပိုးသတ်ဆေးတွေရဲ့အန္တရာယ်ဟာ မိမိနဲ့ လက်တကမ်းအကွာမှာပဲရှိနေတယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်။
ပိုးသတ်ဆေးအမျိုးမျိုးကတော့
(1)အင်းဆက်သတ်ဆေးများ(insecticides)
-ဥပမာ။ Malathion, Parathion, Diazinon, Dichlorvos, Chlorpyrifos etc.
(2)Nerve gas ခေါ်ပိုးသတ်ဆေးများ
-ဥပမာ။ Soman, Sarin, Tabun, VX etc.
(3)ပေါင်းသတ်ဆေးများ(Herbicides)
-ဥပမာ။ Tribufos (DEF) etc.
စတာတွေပဲဖြစ်ပါတယ်။
ဒီလို ပိုးသတ် ဓာတုပစ္စည်းတွေကို ရှုမိ ထိမိ စားမိရာက ပိုးသတ်ဆေးတောက်ခြင်း (Organophosphate Poisoning) ဖြစ်လာစေပါတယ်။
ပိုးသတ်ဆေးတောက်ခြင်းကြောင့်
(1) ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါများ
(2)အသည်းနဲ့ကျောက်ကပ်ပျက်စီးမှုများ
(3)ကင်ဆာဖြစ်ပွားနိုင်ချေများလာခြင်း
(4)မျိုဆက်ပွားကျန်းမာရေးထိခိုက်မှုများနဲ့မွေးရာပါချို့ယွင်းမှုများ
(5)ရုတ်တရက် အသက်အန္တရာယ် ထိခိုက်လောက် အောင်ထိခိုက်မှုများ စတာတွေဖြစ်စေနိုင်ပါတယ်။
ပိုးသတ်ဆေးတောက်ရာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းအမျိုုးအစား၊ ထိတွေ့တဲ့ပမာဏ နဲ့ ကာလ၊ ထိတွေ့ပုံနည်းလမ်း၊ လူတစ်ဦးစီရဲ့ ၎င်းဓာတုပစ္စည်းအပေါ်ခြေဖျက်နိုင်စွမ်းအပေါ်မူတည်ပြီး ရောဂါလက္ခဏာ က ပြင်းထန်မှုကွာခြားစေနိုင်ပါတယ်။
အဓိက ရောဂါဖြစ်ပွားစေပုံကတော့ ပိုးသတ်ဆေးတွေဟာ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ဦးနှောက်နဲ့အာရုံကြော ကြွက်သားအမျိုးမျိုးကိုလှုံ့ ဆွပေးတဲ့ ဓာတ်ပစ္စည်း Acetylcholine( ACh= အစီတိုင်းလ်ခိုလင်း) ကို ထိန်းညှိပေးတဲ့စနစ် အားပျက်ပြားစေတာပါပဲ။လက္ခဏာတွေ
မျိုးဆက်ပွားကျန်းမာရေးအတွက်အန္တရာယ်
ပိုးသတ်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် မျိုးဆက်ပွားကျန်းမာရေးနဲ့ သန္ဓေသား/ကလေး ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ကြီးမားတဲ့ထိခိုက်မှုတွေလည်းရှိတယ်ဆိုတာ ခုနောက်ပိုင်းတွေ့ရှိလာရပြီဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေကြောင့်အောက်ပါမျိုးဆက်ပွားကျန်းမာရေးထိခိုက်မှုတွေကြုံ တွေ့ရနိုင်ပါတယ်။
အမျိုးသားတွေမှာ—
- သုတ်ပိုးအရေအတွက်
- သုတ်ရည်ပမာဏ
- သုတ်ပိုးအရည်အသွေး နဲ့သုတ်ကောင်လှုပ်ရှားနိုင်မှု
အားလုံးလျော့ကျစေနိုင်ပါတယ်။
အမျိုးသမီးတွေ မှာ–
- ဓမ္မတာ ပြောင်းလဲဖောက်ပြန်မှုများ
- ကလေးအရခက်တဲ့ပြဿနာများ
- ကလေးပျက်ကျခြင်း
- ကလေးအသေမွေးဖွားခြင်း
- သန္ဓေသားမှာ ဖွံ့ဖြိုးကြီးထွားမှုထိခိုက်စေခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
မွေးဖွားလာတဲ့ကလေးမှာလည်း–
- ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
- စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု
- ဖြတ်ထိုးဉာဏ်နဲ့တီထွင်နိုင်စွမ်း စတာတွေအပေါ်ကြီးမားစွာ ထိခိုက်စေတယ်လို့ဆိုပါတယ်။
Chlorpyrofos(CPF)လို ဆေးတွေကကြာင့် ဦနှောက် တည်ဆောက်ပုံမူမမှန်တာ၊ ဖွံ့ဖြိုးမှုမမှန်တာ၊ IQနိမ့်တာ စတာတွေတွေ့ရတယ်လို့လည်းဆိုထားပါတယ်။
နေ့စဉ်နဲ့အမျှ စားသုံး ကိုင်တွယ်နေတဲ့ အသီးအနှံ အရွက်အညွန့်တွေမှာ သဘာဝအတိုင်း တန်ဖိုးဖြတိမရတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်နေတာမို့ လူအများကျန်းမာရေးအတွက် မရှိမဖြစ် လို့ဆိုရင်မမှားပါဘူး။ သို့သော်လည်း ဖော်ပြပါ ပိုးသတ်ဆေး သုံးစွဲမှုတွေရဲ့အန္တရာယ်တွေကိုလည်းသတိထားရမှာဖြစ်ပါတယ်။
ခေတ်အခါအရ ပိုးသတ်ဆေးကင်းတဲ့ သစ်သီး သစ်နှံ (Organic အသီးအရွက်)တွေဟာရှားပါးလာပြီလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် ဟင်းသီးဟင်းရွက် အသီးအနှံတွေစားသုံးကိုင်တွယ်ကြရာမှာ သတိထားကြဖို့၊ ပိုးသတ်ဆေးကင်းတဲ့သဘာဝအတိုင်း ရနိုင်တဲ့ အမျိုးအစားကိုရွေးချယ် စားသုံးတတ်ကြဖို့၊Organic အသီးအနှံတွေ မစားဖြစ်ရင်လည်း ပိုးသတ်ဆေး သုံးထားတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးရာမှာ သတိထားပြီးကိုင်တွယ်၊ ရေနဲ့စင်ကြယ်အောင်ဆေး ဖို့အချိန်ပေးတတ်ကြဖို့ အရေးကြီးကြောင်း အသိပေးရပါတယ်။
Dr. Lynn