fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

မီးယပ်သွေးဆုံးခြင်းအကြောင်းသိကောင်းစရာ

မီးယပ်သွေးဆုံးခြင်းအကြောင်းသိကောင်းစရာ

           အပျိုဖော်ဝင်ရင် သွေးစပေါ်ပြီး၊ အသက်ကြီးလာလို့ရှိရင် သွေးဆုံးတာဟာ အမျိုးသမီးတွေမှာပဲဖြစ်လေ့ရှိတဲ့ သဘာဝဖြစ်စဉ်တခုပါ။ သွေးဆုံးခြင်းကို ဆေးပညာအရ Menopause လို့ခေါ်ပါတယ်။ သွေးဆုံးတယ်ဆိုတာဘာလဲ။

အကြမ်းအားဖြင့်လွယ်လွယ်ပြောရရင်တော့ လစဉ်ပေါ်နေကျသွေး မပေါ်တော့တာပေါ့။ အဲ့လိုဆိုရင် သွေးမပေါ်တိုင်း သွေးဆုံးတယ်လို့ သတ်မှတ်မှာလားဆရာလို့ ထပ်မေးစရာရှိနိုင်ပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ ကိုယ်ဝန် သို့မဟုတ် တားနည်းတခုခုသုံးထားတာ မရှိတဲ့အမျိုးသမီးတယောက်မှာ ခြောက်လဆက်တိုက်ရာသီမပေါ်ဘူးဆိုမှ သွေးဆုံးတယ်လို့ သတ်မှတ်လို့ရပါတယ်။ တချို့ ဆေးစာအုပ်တွေကလည်း ကိုယ်ဝန် သို့မဟုတ် တားနည်းတခုခုသုံးထားတာ မရှိတဲ့အမျိုးသမီးတယောက်မှာ တနှစ်နဲ့အထက် သွေးမပေါ်ဘူးဆိုမှသာ သွေးဆုံးတယ်လို့ သတ်မှတ်ကြောင်းရေးထားပါတယ်။

          အမျိုးသမီးအတော်များများဟာ အသက် ၄ရ နဲ့ ၅၅ အကြားမှာ လစဉ်ပေါ်နေကျ ဓမ္မတာ မပေါ်တော့ဘဲ သွေးဆုံးလေ့ရှိပါတယ်။ သို့သော် အသက် ၃၀ သို့မဟုတ် ၃၅ လောက်မှာပဲ သွေးဆုံးတဲ့အမျိုးသမီးတွေလည်းရှိပါတယ်။ ဒီလိုအသက် ၄၀ မတိုင်မှီမှာ သွေးဆုံးခြင်းကို အရွယ်မတိုင်မှီသွေးဆုံးခြင်း (Premature Menopause) လို့ ဆေးပညာမှာသတ်မှတ်ပါတယ်။

           ဒီလိုအရွယ်မတိုင်မှီသွေးဆုံးရတာက မျိုးရိုးလိုက်လို့လည်းဖြစ်နိုင်တယ်။ (ဆိုလိုတာက အဘွားတို့အမေတို့ကလည်း  အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သွေးဆုံးတဲ့ ရာဇဝင်ရှိခဲ့တာမျိုးပါ)။ နောက်ပြီး ဟော်မုန်းဆိုင်ရာပြသာနာတွေကြောင့်လည်း ဖြစ်နိုင်သလို အကြောင်းအမျိုးမျိုးကြောင့် သားဥအိမ်နှစ်ဖက်လုံးဖြတ်ထုတ်ရတာ၊ သားအိမ်ထုတ်လိုက်ရတတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုကတော့ မူလခေါင်းစဉ်ဖြစ်တဲ့ သွေးဆုံးခြင်းအကြောင်းပြန်သွားလိုက်ရအောင်ပါ။

           သွေးဆုံးချိန်ရောက်တဲ့အခါမှာ မ ဟော်မုန်းဖြစ်တဲ့ အီစတိုဂျင်ဟော်မုန်း လျော့နည်းလာတာကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေပါ အနည်းနဲ့အများပြောင်းလဲပါတယ်။ ဒီလိုပြောင်းလဲတဲ့အတွက် ခန္ဓာကိုယ်မှာပါ ပြောင်းလဲမှုတွေဖြစ်ပါတယ်။ အရေပြားတွေပါးလာပြီး ကျစ်လစ်စိုပြေမှုမရှိတော့တာ၊ မိန်းမကိုယ်လမ်းကြောင်းခြောက်သွေ့ပြီး ကျဉ်းလာတာ၊ ကိုယ်အလေးချိန်တိုးလာတာ (အများအားဖြင့်ဗိုက်ပူလာတာ)၊ အရိုးတွေပွလာတာတွေ ဖြစ်လာပါတယ်။

           ဒါ့အပြင် ဝေဒနာခံစားရမှုအနေနဲ့ သွေးဆုံးခါနီးအချိန်မှာ အမျိုးသမီးတွေအနေနဲ့ ဖိန်းဖိန်းရှိန်းရှိန်းဖြစ်တာ၊ ခဏနေ ချမ်းတုန်လိုက် တော်ကြာ ပူအိုက်လိုက်နဲ့ဖြစ်တာ၊ ဆီးစပ်ကိုက်ခဲ၊ ကိုယ်လက်ကိုက်ခဲပြီး နုံးချိနေတာ၊ ရာသီကလည်း ဒီလပေါ်လိုက် နောက်နှစ်လ သုံးလလောက်ထိန်လိုက် တခါပြန်ပေါ်လာလိုက်ဖြစ်တာ၊ ပေါ်တဲ့အခါမှာလည်း သွေးဆင်းများတာ၊ သွေးသွန်သလိုဒလဟောဆင်းတာ၊ သွေးဆင်းရက်ကြာတာတွေခံစားရနိုင်ပါတယ်။ စိတ်ခံစားမှုအပိုင်းအနေနဲ့ ပြောရရင်  သွေးဆုံးချိန်နားတဝိုက်မှာ အမျိုးသမီးတွေဟာ စိတ်ခံစားမှု အတက်အကျ အရမ်းမြန်နေတက်ပါတယ်။ တခုခုကိုအလိုမကျတာမျိုး ဖြစ်နေတတ်သလို အလိုလိုနေရင်းနဲ့ကို ဒေါသထွက်နေတတ်ပါတယ်။ အဲ့လိုဖြစ်နေရင်းကပဲ စိတ်ဓါတ်ကျတာ သူ့အလိုလိုဝမ်းနည်းပြီးငိုချင်တာတွေပါ ခံစားရနိုင်ပါတယ်။

           ဒီလိုတွေရေးသားလိုက်လို့လည်း အသက် ၄၀ ကျော်တဲ့ စာဖတ်ပရိသတ် အမတွေ တီတီတွေအရမ်းကြီး ကြိုတင်စိုးရိမ် မလွန်ကြပါနဲ့။ မီးယပ်သွေးဆုံးချိန်ရောက်ရင် အမျိုးသမီးတိုင်းဟာ အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေ အကုန်ဖြစ်ချင်မှ ဖြစ်မှာပါ။ အများအားဖြင့်တော့ အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေအကုန်မဖြစ်ဘဲ လေး ငါး ချက်လောက်ပဲ ခံစားကြရတာများပါတယ်။

ဘာဆိုဘာမှထွေထွေထူးထူး မခံစားရဘဲ သွေးဆုံးချိန်ကို သက်တောင့်သက်သာဖြတ်ကျော်သွားတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။ ထို့အတူ အပေါ်မှာဖော်ပြထားတဲ့အချက်တွေအားလုံးနီးပါးကို ခံစားရပြီး သွေးဆုံးချိန်ကို ဆရာဝန်အကူအညီ ဆေးဝါးအကူအညီတွေနဲ့ ခက်ခက်ခဲခဲဖြတ်ကျော်ရတဲ့ တချို့အမျိုးသမီးတွေလည်းရှိပါတယ်။

             ဒီတော့ သွေးဆုံးချိန်ရောက်ရင် ဆိုးဆိုးဝါးဝါးမခံစားရအောင် ဘယ်လိုအချက်တွေကိုလိုက်နာသင့်လဲ ဆိုတာကို သိသလောက်အကြံလေးပေးချင်ပါတယ်။

– ညအိပ်ချိန်ကို ၇ နာရီအနည်းဆုံးထားပါ။ ဖြစ်နိုင်ရင် ည ၁၀ နာရီလောက်မှာအိပ်ပြီး မနက် ၆ နာရီလောက်မှထပါ။ အိပ်ရေးဝဝအိပ်ပါ။

– အိပ်ရာနိုးနိုးချင်း ရေအဝသောက်ပါ။

– အဆီများတာရှောင်ပြီး သဘာဝသစ်သီးဖျော်ရည်မျိုးများများသောက်ပေးပါ တနေကုန် အရင်ထက်ပိုပြီးရေများများ သောက်ပေးပါ။

– ညနေဘက် လေကောင်းလေသန့်ရအောင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ပါ။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုတော့ ရှောင်ပါ။

– ဖုန်းကွန်ပြူတာ တီဗီကြည့်တာတွေလျော့ပေးပါ။ နားနားနေနေ နေပါ။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများခံစားရတာ နည်းပါးအောင် ဘာသာရေးလိုက်စားပါ။ တရားထိုင်တာ၊ သီချင်းနားထောင်တာတွေလုပ်ပါ။

– သွေဆုံးခါနီးအချိန်မှာ အအေးမမိပါစေနဲ့။ အထူးသဖြင့်ရာသီပေါ်နေစဉ်မှာ အအေးမမိအောင် နွေးနွေးထွေးထွေးနေပါ။ သွေးဆုံးခါနီး ရာသီလာချိန်မှာ ညနေဘက် ရေအေးအေးနဲ့ (လှောင်ထားတဲ့ရေနဲ့) ခေါင်းလျှော်ရေချိုးတာကိုရှောင်ပါ၊ ရေကို မနက်ပိုင်း ၁၀နာရီဝန်းကျင်လောက် တနေ့တကြိမ်ပဲချိုးသင့်ပါတယ်။

            အဆုံးသတ်အနေနဲ့ ပြောရရင်တော့ သွေးဆုံးချိန်ကို သက်တောင့်သက်သာကျော်ဖြတ်ဖို့ရာ အတူနေမိသားစုရဲ့ကူညီဖေးမအားပေးမှုကလည်း အတိုင်းအတာတခုထိ အရေးကြီးပါတယ်။ ဒါကြောင့် မိသားစုဝင်တွေကလည်း ၀ိုင်းဝန်းဖေးမပြီး နားလည်ပေးဖို့ အကြံပေးချင်ပါတယ်။ နောက်တချက်အနေနဲ့ကတော့ သွေးဆုံးပြီးတဲ့အခါမှာ အီစတိုဂျင် (Oestrogen) ဟော်မုန်းမရှိသလောက် နည်းလာတာကြောင့် အရိုးတွေဟာပွပြီး ကျိုးလွယ်ပါတယ်။ ကျိုးရင်လည်း ကောင်းကောင်းပြန်ဆက်ဖို့မလွယ်ပါဘူး။ ဒါကြောင့် သွေးဆုံးပြီးချိန်မှာ ချော်မလဲအောင် ဂရုစိုက်ဖို့နဲ့ ဖိနပ်အမြင့်တွေစီးတာရှောင်ဖို့ လိုပါတယ်လို့ ပြောကြားရင်း သွေးဆုံးခြင်းနဲ့ပတ်သတ်လို့ သိသင့်သိထိုက်တဲ့ အကြောင်းအရာများကို ကျန်းမာရေးဗဟုသုတရစေရန် အလို့ဌာ ဝေမျှလိုက်ပါတယ်။

Dr 528

ဆက်စပ် ဆောင်းပါးများ