ကြီးမှဝက်သက်ပေါက်တဲ့အခါ
မောင်ဒေါက်တာသည် မလူနာကို စမ်းသပ်စစ်ဆေးပြီးနောက်. .
‘အစ်မ အရင်က ဝက်သက်ပေါက်ဖူးလား’ ဟုမေးလိုက်သည်။
မလူနာက ခေါင်းခါပြသည်။
‘ကဲ ဒါဆို အခုတော့ အစ်မ ဝက်သက်ပေါက်ပြီပဲ။ ဒီမှာတွေ့လား အရေပြားမှာ အနီပြင်တွေထွက်လာတာ၊ နောက်တစ်ရက်နှစ်ရက်ဆို ဒါတွေက ခရမ်းပြာရောင်တွေပြောင်းသွားလိမ့်မယ်။ ဒါ ဝက်သက်ရာဂါရဲ့လက္ခဏာပဲ။ အဲသည်လောက်ဆိုရင်တော့ အဖျားကျသွားပြီး အခုဖြစ်နေတဲ့ နှာစေးချောင်းဆိုးတွေလည်း သက်သာသွားပါလိမ့်မယ်’
‘ဟင် ဆရာရယ် ကျွန်မ အသက်က အခုပဲ သုံးဆယ်နားကပ်လာပြီ၊ ဝက်သက်က ပေါက်သေးတာပဲလားဆရာ’
‘ဟာ ပေါက်သေးတာပေါ့။ ဝက်သက်က အရင်မပေါက်ဖူးသေးရင် ခန္ဓာကိုယ်က ခုခံအားမရသေးတော့ လူကြီးဖြစ်လာရင်လည်း မပေါက်နိုင်ဘူးလို့ပြောလို့မရဘူးဗျ။ ဒါကြောင့်မို့ ကြီးမှဝက်သက်ပေါက်တယ်ဆိုတဲ့ စကားပေါ်လာတာနေမှာပေါ့ဗျာ’
‘တိုးတိုးလုပ်ပါဆရာရယ်၊ အပြင်မှာ တခြားလူတွေရှိရင် ကြားသွားပါဦးမယ်။’
‘သြော် ဘာဖြစ်လို့လဲဗျ။ အပြင်မှာလည်း ဘယ်သူမှမရှိပါဘူး။ နောက်ပိုင်း ဒီအနီပြင်တွေက မျက်နှာတို့ လက်တို့မှာ ထွက်လာရင် လူတိုင်းမြင်မှာပဲ။ ဒါဆိုရင်တော့ ကြီးမှ ဝက်သက်ပေါက်တာလူတိုင်းသိမှာပါပဲ ဟဲဟဲ။ ဒါရှက်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် သတိတော့ထားရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြီးမှ ဝက်သက်ပေါက်ရင် ငယ်မှပေါက်တာထက် ပိုခံရတတ်တယ်ဗျ’
‘ဟင် ဟုတ်လား ဆရာ။ ဘယ်လိုပိုခံရတာလဲ ပြောပြပါဦး’
‘ပိုခံရတယ်ဆိုတာက စောစောက ပြောခဲ့တဲ့ကိုယ်ခံအားစနစ်နဲ့ဆိုင်တယ်ဗျ။ ကလေးအရွယ်တုန်းကဆိုရင် လူတွေရဲ့ ကိုယ်ခံအားစနစ်က သိပ်မဖွံ့ဖြိုးသေးတော့ ဝက်သက်ရောဂါဝင်လာရင် မခုခံနိုင်ဘူး။ အဲဒါကြောင့် ကာကွယ်ဆေး ကြိုထိုးပြီး ကိုယ်ခံအားထွက်အောင် လုပ်ပေးရတာဗျ။ ဒါပေမယ့် ကာကွယ်ဆေးမထိုးရသေးတဲ့အရွယ်မှာ ဝက်သက်ရောဂါပိုးဝင်ရင် ကလေးတွေက တော်တော်ဖျားကြပြီး အဆုတ်ရောင်တာတို့၊ ဦးနှောက်ရောင်တာတို့အထိ ဖြစ်တတ်ကြပါတယ်။ အဲ အဲဒီလိုတစ်ခါဖြစ်ပြီးရင်တော့ ခန္ဓာကိုယ်က ကိုယ်ခံအားရသွားပြီး နောက်ဆိုမဖြစ်တော့ပဲ ဝက်သက်ကိုခံနိုင်ရည် ရှိသွားကြတယ်ဗျ’
‘ဟုတ်ပါပြီဆရာ. . လူကြီးမှာကျတော့ ဘယ်လိုဖြစ်သွားလဲ ပြောပါဦး’
‘အဲ ငယ်ငယ်တုန်းက ဝက်သက်မပေါက်ဖူးသေးတဲ့ လူကြီးတွေကျတော့ သူ့မှာ ဝက်သက်ရာဂါကို ခုခံနိုင်တဲ့ ကိုယ်ခံအားက မရှိသေးဘူး။ တစ်ကယ်လို့ ကာကွယ်ဆေးထိုးထားလို့ ခုခံအားရှိထားဖူးတယ်ဆိုရင်တောင် အခု ကြီးလာတော့ တစ်ချို့ကိုယ်ခံအားတွေက လျော့နည်းသွားတယ်လို့ဆိုကြတယ်။ ပြောရရင်တော့ သွေးဖြူဥတွေရဲ့ ကိုယ်ခံအားစနစ် cellular immunity က နည်းသွားတယ်။ ပဋိပစ္စည်းတွေရဲ့ကိုယ်ခံအားစနစ် humoral immunity ပဲ ကျန်တော့တယ်ဆိုတော့ ငယ်ငယ်တုန်းကလို တစ်ခေါက် ပြင်းပြင်းထန်ထန် ပြန်ခံရတတ်တယ်လို့ ယူဆကြတယ်’
‘ခဏလေး ဆရာ။ ဆရာက ဘိုလိုတွေပါညှပ်ပြောတော့ ကျွန်မနည်းနည်းရှုပ်သွားပြီ။ ကျွန်မနားလည်လိုက်တာက ကြီးလာရင် ငယ်ငယ်တုန်းက ကာကွယ်ဆေးအရှိန် ကုန်သွားလို့ ဝက်သက်ပိုဖြစ်နိင်တယ် အဲသည်လိုလား’
‘အဲသည်လို အတိအကျကြီးတော့ မဟုတ်ဘူးဗျ။ ဝက်သက်ကာကွယ်ဆေးက အရှိန်ကုန်သွားတယ်လို့ ပြောလို့မရဘူး။ ဝက်သက်ရောဂါကိုတိုက်တဲ့ လူရဲ့ကိုယ်ခံအားစနစ်က အသက်ကြီးလာရင် ပြောင်းသွားတယ်လို့ ပြောရမယ်။ ငယ်ငယ်တုန်းက ဖိဖိစီးစီးတိုက်နိုင်တယ်။ ကြီးလာတော့ ဒီကောင်က ငယ်နိုင်ပါကွာဆိုပြီး လျော့လျော့ရဲရဲ တိုက်လာတော့ မနိုင်ချင်တော့ဘဲ ရောဂါရဲ့ဒဏ်ပိုခံလာရတဲ့ သဘောပေါ့’
‘သြော် အဲဒါဆို ကြီးမှဝက်သတ်ပေါက်ရင် ပိုအရေးကြီးတာပေါ့နော် ဆရာ။ ဟိုးကလေးအငယ်လေးတွေမှာလို အသက်အန္တရာယ်တွေ ဘာတွေ အထိကော ဖြစ်နိုင်လားဆရာ’
‘ဖြစ်နိုင်တယ်လို့ ယူဆထားတာမမှားဘူး။ အသက်မသေရင်တောင် ဦးနှောက်ရောင်ပြီး အသိဉာဏ်ချို့ယွင်းသွားတာတို့၊ အာရုံကြောမကြီးရောင်ပြီး အောက်ပိုင်းသေသွားတာမျိုးတွေ ဖြစ်တတ်တယ်ဗျ’
‘ဒါဆို ကျွန်မတို့ လူကြီးဖြစ်လာရင် ဝက်သက်ကာကွယ်ဆေး ထပ်ထိုးရမှာပေါ့နော် ဆရာ’
‘အဲဒါကတော့ ပုံမှန်ဆိုရင် မလိုပါဘူး။ ပုံမှန်ဆိုတာက ကိုယ်ခံအားကျတဲ့ရောဂါတွေမရှိဘူးဆိုရင် ဝက်သက်ကာကွယ်ဆေးက ဆေးထိုးထားပြီးရင် ၉၀ ရာခိုင်နှုန်းကျော် ဝက်သက်မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆိုကြတယ်။ တစ်ကယ်လို့ ဖြစ်ရင်တောင် ရောဂါအနုစားလောက်ပဲဖြစ်ပြီး ဝက်သက်မှန်းတောင် မသိဘဲ ပျောက်သွားတတ်ကြတယ်ဗျ။ ခုခံအားကျရောဂါရှိတဲ့လူ၊ ဝက်သတ်ရောဂါပိုးနဲ့ အထိအတွေ့များတဲ့လူ၊ ကျန်းမာရေးဝန်ထမ်းတွေ ဒါတွေကသာ ထပ်ထိုးဖို့လိုတယ်ဗျ’
‘အဲဒါဆို ငယ်ငယ်တုန်းက မထိုးထားရသေးဘဲ အခုမှ ထိုးမယ်ဆိုရင်ကော ဆရာ၊ ရသေးလားဟင်’
မောင်ဒေါက်တာမှာ မလူနာ၏ မေးခွန်းတွေကို ဖြေနေရင်းမှ တစ်ခုခုကို သတိရသွားပြီး. . .
‘ဒါနဲ့ အစ်မ ငယ်ငယ်ကကော ဝက်သတ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးခဲ့ရလား’
‘အဲ ဟုတ်တယ်ဆရာ။ အဲဒါ..ပြောတာလေ။ ဟို ထိုးမထိုးမသေချာဘူး။ အိမ်က အဖေနဲ့အမေကပြောတော့ ကာကွယ်ဆေးတွေ ကြုံသလောက်တော့ထိုးတယ်တဲ့ အဲဒါ..’
‘အင်း အဲဒါ ပြောတာပေါ့။ ကဲ အခု အိမ်ပြန်ရောက်ရင် အိမ်ကလူတွေကို ဝက်သက်ကဘယ်လိုတွေဖြစ်တတ်တယ်ဆိုတာ ပြောပြလိုက်။ ပြီးရင် မထိုးရသေးတဲ့ကလေးတွေကို သွား ထိုးခိုင်းလိုက်ပါ။ အခု စီမံချက်နဲ့ ဒေသန္တရ တွေမှာ ထိုးပေးနေတယ်ကြားတယ်။ လူကြီးဆိုရင်တော့ ပိုကောင်းတာက ဝက်သတ်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် သုံးမျိုးပေါင်းကာကွယ်ဆေး MMR vaccine ဆိုတာ ထိုးသင့်တယ်ဗျ။ အဲဒါဆိုရင် တခြားဆက်နွယ်ရောဂါတွေပါကာကွယ်ပြီးသားဖြစ်ရော’
မလူနာလည်း မောင်ဒေါက်တာပြောသမျှကို ခေါင်းတညိတ်ညိတ်နားထောင်ရင်း….
‘ဟို နောက်ဆုံးတစ်ခုလောက် မေးချင်တာလေးရှိသေးလို့ပါ။ နောက်ဆုံးတစ်ခုပါပဲ ဟိုဟာလေ။ အရင်တုန်းက ကာကွယ်ဆေးထိုးဖူးပြီးသားလူကကော မသေချာလို့ ထပ်ထိုးရင် ရမလားဆရာ’
‘ရပါတယ် ရပါတယ်’
‘နှစ်ခါထိုးတော့ ကိုယ်ခံအားတွေ အရမ်းများပြီး တစ်ခုခု ဖြစ်… ‘
‘မဖြစ်ပါဘူး အစ်မရေ ။ စိတ်ချ မထိုးဖြစ်ရင်သာ ပြဿနာ ရှိမယ်။ မသေချာရင် ထပ်သာထိုး။ မဟုတ်ရင် ကြီးမှ ဝက်သက်ပါက်ပြီး ပိုဆိုးကုန်ဦးမယ်ဗျ’
မောင်ဒေါက်တာလည်း မလူနာကို သေသေချာချာရှင်းပြပြောဆိုပြီး သူမပြန်သွားသောအခါမှ ကုလားထိုင်တွင် ထိုင်ရင်း အမောဖြေစဉ် ‘အင်း အမှန်တော့ ငါလည်း ဝက်သက်မပေါက်ရသေးဘူးပဲ တော်ကြာ ကြီးမှ ဝက်သက်ပေါက်ရင် ဒုက္ခပဲ’ ဟု တွေးမိကာ တစ်ကိုယ်တည်းပြုံးမိလေတော့သည်။
ဒေါက်တာထွန်းလင်း
ref:https://www.google.com/amp/s/io9.gizmodo.com/why-adults-are-more-likely-to-be-hit-hard-by-the-measle-1689094093/amp
https://www.cdc.gov/measles/about/faqs.html