သားသားမီးမီးလေးတွေကို ခန္ဓာကိုယ်ရော ဉာဏ်ရည်ရောဖွံ့ဖြိုးတိုးတက်အောင် အဘက်ဘက်က ဖြည့်ဆည်းပေးချင်ကြတာ မေမေတိုင်းရဲ့စေတနာပါ။ အဲ့ဒီ့အတွက် သားသားမီးမီးတွေ ရောဂါဘယကင်းကင်းနှင့် ဖွံ့ဖြိုး ကြီးထွားလာအောင် ၊ စားချင်သောက်ချင်စိတ်လည်းရှိအောင် ဘာအစားအစာတွေ ကျွေးရမလဲဆိုတာ စူပါမီနူး ဆွဲကြည့်ရအောင်။ စူပါမီနူးဆိုတာကလည်း မေမေတို့သိပြီးသား အစားအစာလေးတွေပါပဲ မထူးခြားပါဘူးနော်။
စူပါမီနူးမဆွဲခင် သားသားမီးမီးတွေ အစာစားချင်အောင် ဘယ်လိုအချက်တွေ သိသင့်လဲ ဆိုတာကတော့-
- ကလေးတွေဟာ ချိုတဲ့အရသာကို ပိုနှစ်ခြိုက်တတ်ကြတဲ့အတွက် သားသားမီးမီးတွေကို ဖြည့်စွက်စာ စကျွေးတဲ့အခါ ဟင်းသီးဟင်းရွက်က စကျွေးပါ နောက်မှ အသီးအနှံကျွေးပေးပါ။ အသီးအနှံစကျွေးလိုက်ရင် ဟင်းသီးဟင်းရွက်ကို စားဖို့ခဲယဉ်းသွားတတ်ပါတယ်။
- အစားအစာတစ်ခုခု စစမ်းကျွေးတဲ့အခါ ရင်းနှီးပြီးသားအစားအစာတွေနှင့် ရောရောကျွေးပေးပါ။ အမျိုးအစားစုံလင်ပါစေ။
- သူတို့ကြိုက်တဲ့ ချစ်စရာကာတွန်းဇာတ်ကောင်ပုံစံ ပန်းကန်၊ ခွက်ယောက်လေးတွေသုံးပြီး အစာကျွေးပါ။
- အစာစားတဲ့အချိန်မှာ အေးအေးဆေးဆေး အချိန်ပေးပြီး စားပါစေ။ အစာစားတဲ့အချိန်မှာ ပျော်နေပါစေ။
- မိသားစုထမင်းဝိုင်းမှာ တူတူကျွေးပေးပါ။ အနားမှာ တူတူစားနေတဲ့သူရှိမှ အစာစားရတာ ပျော်လာပြီး အသစ်အစမ်းတွေကို မြည်းစမ်းချင်စိတ်ပေါ်လာမှာပါ။
အသက်အရွယ်အလိုက် စူပါမီနူး ( နမူနာ အကြမ်း )
အသက် ၆-၇လအထိ
-
- ပဲနီလေး ဒါမှမဟုတ် ပဲစိမ်းပြုတ်နှင့် ဆန်ကိုရောပြုတ်ပြီး ချေကျွေးပါ။ ( ဗီတာမင် အေ၊ စီ၊ သံဓါတ်၊ အသားဓါတ်၊ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။ )
- ငှက်ပျောသီး ( ပိုတက်ဆီယမ်ဓါတ်၊ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်၊ တစ်နေ့ ၂လုံးထက်ပိုကျွေးရင် ဝမ်းချုပ်တတ်ပါတယ်။ )
- ထောပတ်သီး ကြိတ်ချေ ပြီးကျွေးပါ။ ထောပတ်သီးမှာ ကောင်းတဲ့အဆီဓါတ်တွေများစွာပါဝင်တဲ့အတွက် ကလေး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။
- ကန်စွန်းဥ ဒါမှမဟုတ် အာလူးပြုတ် တွေထဲမှာ ဗီတာမင်တွေ၊ အမျှင်ဓါတ်တွေပါဝင်တဲ့အတွက် ပဲပြုတ်ထားတဲ့အထဲ ထည့်ချေကျွေးပေးပါ။
- မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း ကိုပြုတ်ပြီး ချိစ်နှင့်ရောနည် ကျွေးပေးပါ။
- ကြက်ပြုတ်ရည် နည်းနည်းစီတိုက်ပေးပါ။
အသက် ၇လ အထက်
- ဖော်ပြပါအစားအစာတွေအပြင် ကြက်သား ဒါမှမဟုတ် အရိုးထွင်ထားသော ငါးပြုတ်ကို ရောကျွေးပါ။
- အသီးအနှံလေးတွေ နေ့စဉ်တစ်မျိုးတစ်မျိုးပါအောင်ကျွေးပေးပါ။
အသက် ၉လ မှ ၁၂ လအထိ
- ဖော်ပြပါအစားအစာတွေအပြင် ဝက်သား၊ အမဲသားတို့ကို နူးနေအောင်ပြုတ်ပြီး သေးသေးလေးတွေ တုံးပြီးကျွေးပေးပါ။
- ချိစ်ပြားလေးတွေ၊ ဒိန်ခဲ၊ ပေါင်မုန့် လေးတွေကို ပုံစံအမျိုးမျိုးလုပ်ကျွေးပေးပါ။
- အသီးအနှံအစုံကျွေးပါ။ အသီးအနှံလေးတွေကို အေးအောင်လုပ်ပြီးကျွေးကြည့်ပါ။
- ကွတ်ကီး၊ ကိတ်မုန့်လေးတွေကို နည်းနည်းစီကျွေးကြည့်ပေးပါ။
အသက် ၁ နှစ်အထက်
- အသားပေါင်း၊ ဖက်ထုပ်ပေါင်းကျွေးပါ။
- အသီးလေးတွေကို ရောပြီး ကျွေးပေးပါ။
- နေ့စဉ် ထမင်းပျော့ပျော့ကျွေးပါ။ ဟင်းသီးဟင်းရွက် တစ်မျိုးမျိုး၊ အသား သို့မဟုတ် ငါး တစ်မျိုးမျိုး နေ့စဉ်ပါပါစေ။
- ဟင်းနုနွယ်သုပ်၊ မုန်လာဥနီသုပ် စတဲ့ ရင်းနှီးပြီးသား ဟင်းသီးဟင်းရွက်လေးတွေကို သံလွင်ဆီ၊ ဆားနည်းနည်း၊ သကြားနည်းနည်း နှင့် သုပ်ကျွေးပေးပါ။
- ကြက်ဥပြုတ်၊ ကြက်ဥပေါင်း၊ ကြက်ဥကြော်ကျွေးလို့ရပါတယ်။