ကလေးများကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွင် ဦးနှောက်နှင့်အာရုံကြောစနစ်များ၏ ကြီးထွားဖွံ့ဖြိုးမှုသည် လည်း အရေးပါသောအခန်းကဏ္ဍတစ်ခုအနေနှင့် ပါဝင်နေပါသည်။
ငယ်စဉ်ကလေးဘဝတွင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ကောင်းစွာဖွံ့ဖြိုးတိုးတက်မှုများသည် ကျန်ရှိသည့် ဘ၀၏အစိတ်အပိုင်းများပေါ်တွင် များစွာအကျိုးသက်ရောက်မှုရှိပါသည်။ ထို့ကြောင့် ကလေးများ ငယ်စဉ်ဘ၀တွင် ဦးနှောက်ဖွံ့ဖြိုးမှုအပြည့်အဝရရှိစေရန် ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါသည်။
ကလေးများ၏ ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးတိုးတက်ရန်အတွက် အာဟာရပြည့်၀ခြင်းသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ထို့ကြောင့် အာဟာရ စုံလင်အောင် ကျွေးမွေးပြုစုပျိုးထောင်ခြင်းသည် ဖေဖေမေမေတို့အတွက် လွန်စွာမှအရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ပါသည်။
ကလေးများ၏ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးသည့် အာဟာရများစွာရှိသည့်အနက် အဓိကအရေးကြီးသည့် အာဟာရဓါတ်တစ်မျိုးမှာ Docosahexaenoic acid (DHA) ဖြစ်ပါသည်။
DHA သည် OMEGA-3 fatty acid တစ်မျိုးဖြစ်ပါသည်။ ၎င်းကိုအဆီဓါတ်ကြွယ်ဝသည့် ဆယ်လမွန်ငါးနှင့် တူနာငါးများတွင် အဓိက တွေ့ရှိရပါသည်။
လူ့ခန္ဓာကိုယ်တွင် DHA ပမာဏအချို့ကို သဘာဝအတိုင်း ထုတ်လုပ်နိုင်သော်လည်း ခန္ဓာကိုယ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် DHA ကြွယ်၀သော အစားအစာများကို ဖြည့်စွက်စားသုံးရန် လိုအပ်ပါသေးသည်။
DHA သည် ကလေးများ၏ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများတွင် ကြီးမားသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါသည်။ အထူးသဖြင့် DHA သည် ဦးနှောက်၏ မှတ်ဉာဏ်ဆိုင်ရာ၊ စဉ်းစားတွေးခေါ်မှုဆိုင်ရာ၊ သင်ယူလေ့လာမှုဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်စေသည့်အပြင် အမြင်အာရုံပိုင်းဆိုင်ရာ ကောင်းမွန်ရန်အတွက်လည်း အကူအညီပေးပါသည်။
ကလေးတို့၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုသည် မွေးပြီးသည့်အချိန်တွင် လျင်မြန်စွာ တိုးတက်လာပါသည်။ အသက် ၂ နှစ်အရွယ် ကလေးတစ်ယောက်၏ ဦးနှောက်အရွယ်အစားသည် လူကြီးတစ်ယောက်ဦးနှောက်၏ ၃ ပုံ ၁ ပုံခန့် ရှိနေပြီဖြစ်ပါသည်။ မွေးပြီး ပထမတစ်နှစ်အတွင်းတွင် ကလေးတစ်ယောက်၏ ဦးနှောက်သည် ၁၇၅% ခန့် ကြီးထွားဖွံ့ဖြိုးလာပါသည်။ ဒုတိယနှစ်တွင် ၁၈% ခန့် ကြီးထွားဖွံ့ဖြိုးလာပြီး အသက် ၂ နှစ်မှ အရွယ်ရောက်သည့်အချိန်အထိ ၂၁% ခန့်ကြီးထွားဖွံ့ဖြိုးလေ့ရှိပါသည်။ ထို့ကြောင့် ကလေးများငယ်ရွယ်စဉ်အချိန်ကာလသည် ဦးနှောက်ဖွံ့ဖြိုးမှု အများဆုံးအချိန်ဖြစ်ပါသည်။
ထိုသို့ ကလေးများဦးနှောက်ကြီးထွားဖွံ့ဖြိုးတိုးတက်ခြင်းကို DHA က အဓိက ကူညီပံ့ပိုးပေးပါသည်။ လေ့လာတွေ့ရှိချက်များအရ DHA အာဟာရဓါတ်များကောင်းစွာရရှိသော ကလေးတစ်ယောက်သည်
- စဉ်းစားတွေးခေါ်မှုဆိုင်ရာ
- မှတ်ဉာဏ်ဆိုင်ရာ
- ဘာသာစကားသင်ယူမှုဆိုင်ရာ
- လှုပ်ရှားမှုဆိုင်ရာနှင့်
- အမူအကျင့်ဆိုင်ရာ အရည်အသွေးများတွင် ကောင်းစွာဖွံ့ဖြိုးတိုးတက်ကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် DHA ချို့တဲ့ ခြင်းသည် ကလေးများတွင် Attention Deficit Hyperactivity Disorder (ADHA) ရောဂါနှင့်လည်း ဆက်နွယ်မှုရှိကြောင်း တွေ့ရပါသည်။ ADHA ရောဂါရှိသော ကလေးတစ်ဦးသည် အာရုံစူးစိုက်မှု မပြုလုပ်နိုင်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အမိန့်ပေးစေခိုင်းမှုများကို နာခံနိုင်စွမ်းမရှိခြင်း စသည့် လက္ခဏာများကို တွေ့ရပါသည်။ DHA သည် ဦးနှောက်အတွင်း သွေးစီးဆင်းမှုများပြားစေရန် ကူညီပေးနိုင်သဖြင့် ADHA ရောဂါခံစားနေရသော ကလေးများတွင် များစွာကောင်းကျိုးပြုနိုင်ကြောင်း တွေ့ရပါသည်။
ထို့ပြင် DHA သည် ကလေးများ၏ မျက်လုံးနှင့် အမြင်အာရုံဆိုင်ရာ ကျန်းမာရေးကိုလည်း တိုးတက်စေရန် များစွာအထောက်အကူပေးသည်ဟု လေ့လာတွေ့ရှိထားပါသည်။
မျက်လုံး၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် မြင်လွှာပေါ်တွင်ရှိသော Fatty acids များ၏ ၆၀% ခန့်ကို DHA ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် DHA သည် ကလေးများ၏အမြင်အာရုံ ကြည်လင်ပြတ်သားစေရန်လည်း များစွာ အကူအညီပေးပါသည်။
ထို့ကြောင့် အသက်အရွယ်အိုမင်းကြီးရင့်လာသည့်အချိန်အထိ များစွာအရေးပါသော ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုနှင့် အမြင်အာရုံဖွံ့ဖြိုးတိုးတက်မှုတို့ကို ငယ်စဉ်ကလေးဘဝတည်းက အုတ်မြစ်အခိုင်အမာချနိုင်ရေးအတွက် သားသားမီးမီးတို့အား DHA ကြွယ်ဝသော အစားအစာများကို ဖေဖေနဲ့မေမေတို့အနေဖြင့် ပြည့်ဝအောင် ကျွေးမွေးပြုစုပျိုးထောင်သင့်လှပါသည်။