ပုံမှန်ဆိုရင် ကိုးလလွယ်၊ ဆယ်လဖွားဆိုတဲ့ စကားအတိုင်း ကိုယ်ဝန်အပတ် ၄၀ ပြည့်မှာ ကလေးမွေးရတာပါ။
ဒါကြောင့် ခန့်မှန်းမီးဖွားရက် (Due date) တွက်တဲ့အခါ နောက်ဆုံးရာသီလာတဲ့ ပထမရက်ကနေ ၃၉ ပတ်နဲ့ ၇ ရက် ပေါင်းရတာပါ။
ဒါပေမယ့် ဆေးပညာမှာ လစေ့တယ်လို့ သတ်မှတ်တာကကျတော့ ၃၇ ပတ်ပြည့်ပြီးရင် လစေ့တယ်လို့ သတ်မှတ်ပါတယ်။
၃၇ ပတ်ပြည့်ပြီးတာကနေ အပတ် ၄၀ အတွင်းမွေးတဲ့ ကလေးမှန်သမျှဟာ နေ့စေ့လစေ့ မွေးတဲ့ ကလေးတွေပါ။
၃၇ ပတ်မပြည့်ခင်မွေးတဲ့ ကလေးတွေကိုတော့ လမစေ့ဘဲ မွေးတဲ့ကလေး (Preterm or premature baby) လို့ သတ်မှတ်ပါတယ်။
လစေ့တယ်ဆိုတာဟာ အကြမ်းအားဖြင့် နားလည်အောင်ပြောရရင် ကလေးက အမေ့ဗိုက်ထဲကအပြင်ထွက်လာတဲ့အခါမှာ အသက်ရှင်နိုင်တဲ့ အခြေအနေရှိတာကို ဆိုလိုတာပါ။
အသက်ရှုစနစ်၊ သွေးလည်ပတ်မှုစနစ်၊ အစာချေစနစ်၊ ကိုယ်အပူချိန်ထိန်းညှိစနစ် စတာတွေ အတိုင်းအတာတစ်ခုထိ ကောင်းစွာဖွံ့ဖြိုးပြီးတဲ့ အခြေအနေပါ။
လမစေ့ဘဲမွေးတဲ့အခါကျ ဒီစနစ်တွေ ကောင်းစွာမဖွံ့ဖြိုးသေးတဲ့အတွက် မွေးလာတဲ့ကလေးဟာ လတ်တလောအနေနဲ့ ကိုယ်အပူချိန်အလွန်အမင်းကျဆင်းတာ၊ သွေးတွင်းသကြားဓါတ် အလွန်အမင်းကျဆင်းတာတွေ ဖြစ်တတ်ပြီး အချိန်မှီမကုသပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။
ဒါ့အပြင် နို့တိုက်ရခက်တာ၊ အသားဝါဝင်တာ၊ ရောဂါပိုးဝင်ရောက်ကူးစက်တာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်တာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်တာ၊ ဦးခေါင်းအတွင်း သွေးယိုစိမ့်တာ စသဖြင့်လည်း ဖြစ်နိုင်ခြေများပါတယ်။
ဒါကြောင့် ပေါင်ချိန်မပြည့်တဲ့ ကလေးငယ်လေးတွေ မွေးလာရင် အဲ့ကလေးကို အထူးကြပ်မတ်ဆောင်ထဲထားပြီး Incubator ခေါ် အနွေးဓါတ်ပေးတဲ့ ဖန်ပေါင်းချောင် လေးထဲထည့်ထားတာ၊ နို့စို့ဖို့ခက်ရင် သွေးကြောထဲပိုက်ထည့်ပြီး အဲ့ကနေတဆင့် အာဟာရဓါတ်ရအောင်ပေးတာ စသဖြင့် လိုအပ်သလို လုပ်ရပါတယ်။
လေ့လာမှုတွေအရ ပေါင်မပြည့်တဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ Cerebral palsy ဖြစ်တာ၊ အမြင်အာရုံချို့ယွင်းတာ၊ အကြားအာရုံချို့ယွင်းတာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနောက်ကျတာ အစရှိတဲ့ ရေရှည်ဆိုးကျိုးတွေပါ ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။
လမစေ့ဘဲမွေးခြင်းကို ဖြစ်စေတဲ့ တိကျသောအကြောင်းရင်းကိုတော့ သေချာပြောမရသေးပါ။
သို့သော် လေ့လာမှုတွေအရ လမစေ့ဘဲကလေးမွေးခြင်းဟာ
– မိသားစုမျိုးရိုးရှိတဲ့ မိခင်တွေ
– ယခင်က လမစေ့တဲ့ ကလေးမွေးဖူးတဲ့ မိခင်တွေ
– ကိုယ်ဝန်တခုနဲ့ တခုကြား ကာလအရမ်းနီးတဲ့ မိခင်တွေ
– အမြွှာကိုယ်ဝန် လွယ်ထားရတဲ့ မိခင်တွေ
– ပိန်လွန်း၊ ဝလွန်းတဲ့ မိခင်တွေ
– အသက် ၁၇ နှစ်အောက်နှင့် အသက် ၃၅ နှစ်အထက် မိခင်တွေ
– သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းသုံးရင်းနဲ့ ကလေးရသွားတဲ့ မိခင်တွေ
– ဖန်ပြွန်သန္ဓေယူတဲ့ မိခင်တွေ
– သွေးတိုး၊ ဆီးချိုရောဂါ အခံရှိတဲ့ မိခင်တွေ
– သွားဖုံးရောဂါရှိတဲ့ မိခင်တွေ
– ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်၊ မူးယစ်ဆေးသုံးတဲ့ မိခင်တွေ
– ကိုယ်ဝန်ဆောင်စဉ် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ရေမွှာရည်ပိုးဝင်ခြင်းဖြစ်တဲ့ မိခင်တွေ
– ကိုယ်ဝန်ဆောင်စဉ် ထိခိုက်ဒဏ်ရရတဲ့ မိခင်တွေ
– စိတ်ဖိစီးစရာများတဲ့ မိခင်တွေ
– ကိုယ်ဝန်မအပ်တဲ့ မိခင်တွေ၊ ကိုယ်ဝန်အပ်သော်လည်း ချိန်းတိုင်းမှန်မှန် မပြတဲ့ မိခင်တွေ မှာဆိုရင် ပိုဖြစ်နိုင်ခြေများကြောင်း သိရပါတယ်။
လမစေ့ဘဲ ကလေးမွေးခြင်းဖြစ်နိုင်ခြေနည်းအောင်
– ကိုယ်ဝန်အပ်ပါ။ အပ်တဲ့ဆီက ချိန်းတိုင်း မှန်မှန်ပြပါ။
– အရင်က ကိုယ်ဝန်ခဏခဏပျက်ဖူးတာ၊ နေ့မစေ့လမစေ့ ကလေးမွေးဖူးတာရှိရင် ကိုယ်ဝန်အပ်တဲ့အချိန်မှာ ဆရာဝန်ကို ပြောပြပါ။
– ဆေးလိပ်၊ မူးယစ်ဆေး မသုံးပါနဲ့။
– ကိုယ်အလေးချိန်ကို မဝလွန်း၊ မပိန်လွန်းအောင် ထိန်းပါ။
– ကိုယ်ဝန်ဆောင်စဉ် နေမကောင်းဖြစ်တာ၊ ပိုးဝင်တာဖြစ်ပါက သေချာကုသမှု ခံယူပါ။
– ကိုယ်ဝန်တခုနဲ့ တခုကြားမှာ နှစ်နှစ်လောက်ခြားပါလို့ အကြံပေးချင်ပါတယ်။
Author :Dr 528