သင်္ဘောသီးစားရင် ကိုယ်ဝန်ပျက်ကျတတ်တယ်ဆိုတာ တကယ်ဖြစ်တတ်တာလား ဒါမှမဟုတ် ယုံတမ်းစကားလား။ ကိုယ်ဝန်ဆောင်ကာလက အမျိုးသမီးများအတွက်အထူးအရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အာဟာရလွန်ကဲခြင်းနဲ့ ချို့တဲ့ခြင်းဟာ ပြဿနာတစ်ရပ်ဖြစ်စေပါတယ်။ တချို့ရုပ်ရှင်တွေမှာ ယောက္ခမက သင်္ဘောသီးကျွေးလို့ ချွေးမကိုယ်ဝန်ပျက်ကျသည်ဆိုတဲ့ ရှေးရိုးပုံပြင်ဟာ တကယ်ပဲလားဆိုတာကို သိပ္ပံနည်းကျကျ စဉ်းစားကြည်ကြနိုင်ပါတယ်။
(1)သင်္ဘောသီးကောင်းကျိုးများ
– သင်္ဘောပင်မှအသီး၊ အရွက်ဟာ လူတွေ စားသုံးနိုင်တဲ့အပင်ဖြစ်ပါတယ်။
– သင်္ဘောပင်ဟာ အာဟာရဓာတ်ကြွယ်ဝပြီး ရောဂါတော်တော်များများကို ကာကွယ်နိုင်ပါတယ်။
– သင်္ဘောသီးအစိမ်းဟာ ကိုယ်ခံအားနှင့်အနာကျက်ခြင်းအတွက် အထောက်အကူပြုပါတယ်။
– သင်္ဘောသီးမှည့်ဖျော်ရည်ဟာ မီးလောင်ဖုဒဏ်ရာနဲ့ ကြွက်နို့အတွက်အသုံးဝင်ပါတယ်။
– သင်္ဘောရွက်ဟာ အနာကျက်ရန်နှင့် အစေ့ဟာ သဘာဝသန်ချဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။
– သင်္ဘောသီးစားခြင်းဟာ နှလုံး၊ ဆီးချိုနဲ့ ကင်ဆာဖြစ်နူန်းလျော့ကျစေပြီးသွေးတိုး၊ ဆီးချို သက်သာစေပါတယ်။
– Vitamin C, Folic Acid, ကယ်လစီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။
– သင်္ဘောသီးဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပြီး ကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ အစွမ်းရှိပါတယ်။
– သင်္ဘောသီးမှာပါဝင်တဲ့ Vitamin K ဟာ ကယ်လ်ဆီယမ်စုပ်ယူမူအားကောင်းပြီး အရိုးတွေကိုသန်မာစေပါတယ်။
– အမျှင်ဓာတ်နဲ့ ရေဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကိုသက်သာစေပြီးအစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကောင်းစေပါတယ်။
– ပန်းနာရင်ကျပ်ရောဂါကိုလည်း သက်သာစေပါတယ်။
– Vitamin A ပါဝင်တာကြောင့် ဆံပင်နဲ့ အသားအရေ စိုပြည်လှပမူအတွက် အထူးသင့်တော်ပါတယ်။
(2)သင်္ဘောသီးနှင့် ကိုယ်ဝန်
– သင်္ဘောသီးစိမ်းသည် အီစထရိုဂျင်ဟော်မုန်းထွက်စေပြီး ရာသီမှန်စေပါတယ်။
– ရှေးအခါက သန္ဓေတားဆေးအဖြစ်အသုံးပြုကာ ကိုယ်ဝန်ပျက်စေတယ်လို့ ရှေးရိုးယူဆကြပါတယ်။
– ကိုယ်ဝန်ပျက်ကျစေတယ်လို့ ယူဆတာကြောင့် ကလေးယူနေတဲ့သူတွေဟာ သင်္ဘောသီးစားခြင်းကို ရှောင်ကြဉ်ကြပါတယ်။
– သင်္ဘောသီးအစိမ်းမှာပါဝင်တဲ့ Papain အင်ဇိုင်းဟာ ကိုယ်ဝန်ဆောင်စဉ်အရေးကြီးတဲ့ပရိုဂျက်စတုန်းထွက်ခြင်းကိုတားကာ သားအိမ်ဖွံ့ဖြိုးမူကိုရပ်တန့်စေပါတယ်။
– သင်္ဘောသီးအစေးဟာ သားအိမ်ကိုကျုံ့စေပြီး ကိုယ်ဝန်ပျက်စေပါတယ်။ အဆိုပါပြဿနာဟာ သင်္ဘောသီးမှည့်စားပါက ထိရောက်မူမရှိပါ။
လေ့လာတွေ့ရှိချက်များအရ သင်္ဘောသီးအမှည့်စားသုံးတဲ့ကိုယ်ဝန်ဆောင်သည်တွေဟာ ကိုယ်ဝန်ပျက်ခြင်းကဲ့သို့ ဆိုးကျိုးအထွေအထူးမရှိပါဘူး။ အကြမ်းအားဖြင့်သင်္ဘောသီးလွန်ကဲစွာစားသုံးခြင်းကို ရှောင်ပါ။ ကိုယ်ဝန်ဆောင်သည်တွေနဲ့ ကလေးယူရန်ကြိုးစားသူတွေအနေနဲ့ သင်္ဘောသီးအစိမ်းစားခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ဒါကြောင့် အာဟာရဓာတ်ပြည့်ဝတဲ့ သင်္ဘောသီးအမှည့်ကို ကိုယ်ဝန်ဆောင်သည်များ စားသုံးနိုင်ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေး စကားနဲ့အညီစားသုံးပါ။
(3) အခြားဆိုးကျိုးများ
အချို့ဓာတ်မတည့်ရောဂါရှိသူတွေဟာ သင်္ဘောသီးမှာပါဝင်တဲ့ အင်ဇိုင်း Chitinases နဲ့ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။ သင်္ဘောသီးအစေးဟာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။ အစေးသက်သာစေဖို့တော့ ထုံးရေကြည် စိမ်နိုင်ပါတယ်။
Author: Dr.ပြည့်ရှင်း